Thursday, November 2, 2017

ဒုတိယမြောက် ဆည်းလည်းလေး

ဟတ် ဟတ် ဟတ်ချိုးးးး...
နှာတွေချေပြီး ကိုယ်လက်တွေ လေးလံနေလို့ ဒီရက်ပိုင်းတွေ ဘာမှမလုပ်နိုင်ဘူး။ ဖျားလားဆိုတော့လည်း မဖျားဘူး။ အသံကလည်း ၀င်ချင်သလိုလိုဖြစ်ပြီး ခုတော့ကောင်းသွားပြန်ပြီ။ နှာသံဖြစ်နေတာကလွဲလို့။ ရာသီဥတုအပြောင်းအလဲမို့ ထင်တာပဲ။ အလုပ်ကလူတိုင်း အဲ့လိုဖြစ်နေတယ်။ ဆေးခန်းမှာလုပ်လို့လည်း ပါမယ်။ မဖျားတာပဲ ကျေးဇူးတင်ရမယ်။ ဒါနဲ့ ကန်ဒီ့ စံပယ်ပန်းလေး နှစ်ပွင့်ထပ်ပွင့်တယ်။



♫♪ အသာအယာဆွတ်ယူ ရင်မှာထွေးထားမယ် အိုကွယ်.. ပန်းလေးတပွင့်ရယ်.. ♫♪ 
အဲ့သီချင်းထဲကလိုတော့ ပန်းပျိုးတဲ့သူက မခူးရက်ဘူးဗျ ဟဟ။ လက်လေးနဲ့ကိုင်ထားရင်တောင် လက်ငွေ့ကြောင့် နွမ်းသွားမှာစိုးတတ်တဲ့အမျိုး။ သူ့ဟာသူ အပင်ပေါ်မှာပဲ အစွမ်းကုန်လှခိုင်းထားတယ်။ မနက်အလုပ်သွားဖို့ တံခါးဖွင့်ရင်း သူတို့လေးတွေ ပွင့်နေတာတွေ့တော့ အမောကိုပြေလို့။ 

ရန်ကုန်ကနေ အမေက ချဉ်ပေါင်ကြော် ထည့်ပေးလိုက်တယ်။ သက်သတ်လွတ်ဆိုတော့ မကောင်းဘူး သမီးရယ်တဲ့။ အဲ့ဒါနဲ့ နည်းနည်းပဲ ကြော်ပေးလိုက်တယ်တဲ့။ သူ့အတွက်သာ မကောင်းတာ။ ကိုယ့်အတွက်ကတော့ ရှယ်ပဲ။ အရမ်းကြိုက်။ သက်သတ်လွတ်မစားခင်ကဆို အမေက ချဉ်ပေါင်ကြော်အမြဲ လူကြုံထည့်ပေးတယ်။ သူ့ချဉ်ပေါင်ကြော်က ကန်ဒီစားဖူးသမျှထဲမှာ အကောင်းဆုံး။ မျှစ်လေးနဲ့ ပုဇွန်လေးနဲ့ ကြက်သွန်ဖြူလေးနဲ့ ငရုတ်သီးအစိမ်းတောင့်လေးနဲ့ ကြော်တာ။ ကန်ဒီသက်သတ်လွတ်စားပြီးကတည်းက သူချဉ်ပေါင်ကြော် မထည့်ပေးတော့ဘူး။ သူ့ချဉ်ပေါင်ကြော်မှာ အဓိကအချဉ်ဓာတ်ကိုထိန်းတာ ပုဇွန်နဲ့မျှစ်လေ။ သူပုဇွန်ထည့်လို့မရတော့ သူ့သက်သတ်လွတ်ချဉ်ပေါင်ကြော်ကို သူကောင်းတယ်မထင်တော့ဘူး ဟဟ။ ချဉ်လို့တဲ့။ ကန်ဒီစားကြည့်တာတော့ အရမ်းကောင်းပဲ။ မစားရတာ ကြာလို့လည်းပါမယ်။ ဇီးဖြူသီးလည်း ထောင်းပေးလိုက်တယ်။ အချဉ်တွေကြီးပဲ ဟီးဟီး။ ငရုတ်သီးအကျက်မှုန့်သန့်သန့်လေး လုပ်ပေးပါမှာထားလို့ သူကိုယ်တိုင်လုပ်ထားတဲ့ ငရုတ်သီးအကျက်မှုန့်လေးလည်း ထည့်ပေးလိုက်တယ်။ မိဘမေတ္တာတွေ..



အစ်ကိုဝမ်းကွဲရဲ့သားလေး ဒီနေ့ပဲမွေးလို့ တမိသားစုလုံး ပျော်နေကြတယ်။ နောက်ထပ် ဆည်းလည်းလေးတစ်ခုပေါ့။ ကန်ဒီကတော့ တူလေးနှစ်ယောက်တောင်ရပြီမို့ ပျော်နေတယ်။ ပြောသာပြောရတာပါ.. ကြွားသာကြွားရတာ ကိုယ်က ဒီမှာ.. သူတို့လေးတွေက ဟိုမှာ.. တွေ့ချင်တာတောင် မတွေ့ရဘူး :(



ကန်ဒီ့ညီမသားလေး သားသားဥာဏကတော့ ခုဆို(၁)နှစ်ပြည့်ပြီးလို့ အရမ်းဆော့.. စကားတော့ မပြောသေးဘူး။ အမေနဲ့ညီမလေးမိသားစုပုံလေး ချစ်လို့ အမှတ်တရတင်လိုက်တယ်။ သူတို့လင်မယားနှစ်ယောက်လုံးက ဆရာဝန်တွေ။ ခုဖောင်ကြီးတက်နေရတော့ ကလေးကို အမေတို့ဆီ ပို့ထားတယ်။ အမေတို့ကတော့ မြေးတစ်ယောက်နဲ့ အလုပ်တွေကို ရှုပ်လို့..

(၁၁)နာရီလည်းခွဲတော့မယ်.. 
နှာချေတာအတွက် ဆေးတလုံးသောက်ပြီး အိပ်တော့မယ်နော်..

2 comments:

Iora said...

ကန်ဒီလေး
vegan food တွေမြင်ရင်ကန်ဒီ့ကိုဒီကနေ သတိရရနေတယ်
မမအိုင်အိုရာ

Candy said...

သတိတရရှိလို့ ကျေးဇူးမမရေ..