Sunday, September 30, 2018

အမေ

ဒေါက် ဒေါက် ဒေါက်.. နေကောင်းကြပါသလားရှင်.. ဒီနှစ်အတွက် နောက်ဆုံးစာမေးပွဲပြီးသွားပါပြီ။ တစ်မှတ်လျော့သွားတယ်လေ။ ကြိတ်မနိုင်ခဲမရပဲ.. ကိုယ်မသိလို့ စာမလုပ်လို့ မှားတာမျိုးဆို ဘာမှမဖြစ်ဘူး။ သိရက်နဲ့ မေးခွန်းက မဟုတ်တာမျိုးဆို စိတ်က ကသိကအောက်ရယ်..

စာမရေးတာ ကြာပြန်ပြီလေ.. အဲ့ဒါနဲ့ ဖုန်တက်နေတဲ့ ကွန်ပျူတာလေး ပြန်ထုတ်လာတာ။ တီတင့်က Blogger တွေ စုပေါင်းပြီး စာအုပ်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာမူတွေလိုက်တောင်းနေတယ်။ ကန်ဒီကတော့ သိတဲ့အတိုင်း ဟိုရောက်ဒီရောက် ကိုယ့်အကြောင်းပဲ ကိုယ်ရေးတတ်တာဆိုတော့ မရေးတော့ပါဘူး။ ရှက်စရာ.. ဟဟဟ။ တီတင့်ကိုလည်း ကန်ဒီ့ကိုအထင်ကြီးပြီး စာမူလာတောင်းလို့ ကျေးဇူးအများကြီးတင်ပါတယ်။




Teachers' Day တုန်းက ကျောင်းက ကလေးတွေပေးတဲ့ လက်ဆောင်လေးတွေ.. ဆရာမဆိုတော့ ပီတိတွေစား အားရှိနေတာလေ။ နောက်နှစ်ပတ်ဆို ဆရာကန်တော့ပွဲလုပ်ပြီး ကျောင်းပိတ်ပြီ။ အဲ့ဒါပြီးရင်တော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းအတွက် ဘုန်းဘုန်းကို ကူပေးရမယ်။ ဘုန်းဘုန်းက ဟိုတလော တွေ့တုန်းက ကူဖို့ကြိုစာရင်းပေးထားတယ်။ မပြန်နဲ့တဲ့ လာကူဦးတဲ့ ဟဟ။ နှစ်တိုင်း ကန်ဒီက နိုဝင်ဘာဆို ခွင့်ရက်ရှည်ယူပြီး ရန်ကုန်ပြန်တတ်တယ်လေ။ မင်္ဂလာဆောင်အတွက် ဇွန်လက ပြန်ထားတော့ ဒီနှစ်နိုဝင်ဘာ မပြန်ဖြစ်တော့ဘူး။ နောက်နှစ်မှ ပြန်ဖြစ်တော့မယ်။ 


အမေ့အကြောင်း ပြောဦးမယ်။ အမေ အဲ့ပိုစ့်လေး သူ့ Facebook မှာ ရှယ်ထားတာ စိတ်ထဲမကောင်းဘူး။ ကန်ဒီပြန်မယ် ပြန်မယ် ပြောနေတာ အဲ့ဒါတွေကြောင့်လည်း ပါတယ်။ အခု ရန်ကုန်မှာဆို အမေတို့နဲ့နီးနီးနားနား ကန်ဒီ့အငယ်ဆုံးညီမလေးတစ်ယောက်ပဲ ရှိတယ်။ သူကလည်း မကြာခင် တစ်နှစ် နှစ်နှစ်လောက်နေရင် သူတို့တစ်မိသားစုလုံး US သွားဖို့ ပြင်ဆင်နေကြတယ်။ အခု အဖေနဲ့အမေက ကန်ဒီတို့ခြံမှာ အိမ်အသစ်ပြန်ဆောက်နေတယ်လေ။ သူတို့သမီး(၃)ယောက်အတွက် အလယ်ထပ်မှာ တစ်ယောက်တစ်ခန်းစီ ပြင်ဆင်ပေးထားတယ်။ အပေါ်ဆုံးထပ်က တ၀က်အမိုးပွင့်.. Barbecue တွေဘာတွေလုပ်လို့ရအောင်တဲ့။ ဆောက်နေဆဲ မပြီးသေးပါဘူး... ဟိုနေ့က အမေနဲ့ဖုန်းပြောဖြစ်တော့မှ ညီမလေးအငယ်ဆုံး US သွားဖို့ ပြင်ဆင်နေတာ သိတယ်။ ကန်ဒီ့ စင်္ကာပူက ညီမအလတ်က Canada သွားဖို့ ပြင်ဆင်နေတယ်။ အမေက အိမ်ကြီးလည်း ဆောက်ပြီးရော နေမယ့်သူလည်း ဘယ်သူမှ မရှိတော့ပါဘူးတဲ့။ ကန်ဒီက သမီးပြန်လာမှာပေါ့လို့ ပြောဖြစ်တယ်။ အမေ့မျက်နှာကတော့ သိပ်မကောင်းဘူး။ ကန်ဒီ့ကို ဒီရောက်အောင် သူပဲ အမျိုးမျိုးဖျောင်းဖျပြီး ပို့ခဲ့တာလေ။ ကန်ဒီကအစက ဒီလာချင်တာ မဟုတ်ဘူး။ အမေစိတ်ချမ်းသာအောင်ဆိုပြီး စကားနားထောင်ပြီး စင်္ကာပူရောက်လာတာ။ အခု သမီးပြန်လာမှာပေါ့လို့ ပြောတော့ မြန်မာပြည်ပြန်လာရင် သူ့သမီး အခုလောက်အဆင်ပြေမှာ မဟုတ်တာ သူသိတဲ့အခါကြတော့ မျက်နှာတစ်ချက်ပျက်သွားတယ်... တစ်ဖက်ကလည်း သားသမီးတွေနဲ့ နေချင်တဲ့ဆန္ဒ..  မိဘမေတ္တာတွေ :(



နောက် ကန်ဒီအမှားကြီးမှားခဲ့တဲ့ အတွေးတွေ ရှိတယ်။ လခရတိုင်း အမေတို့ဆီ ကန်ဒီအမြဲမပို့ဖြစ်ဘူး။ Bonus ရတဲ့ အချိန်မျိုးတွေဆိုရင်တော့ အမေတို့အပါအ၀င် ဦးလေးတွေ အဒေါ်တွေ အားလုံးကို ကန်တော့ဖြစ်တယ်။ ကန်ဒီတွေးခဲ့တာက အမေတို့က ပိုက်ဆံရှာတတ်တဲ့သူတွေ.. ကန်ဒီ လခရလို့ ကန်တော့တဲ့ပိုက်ဆံဆိုတာ သူတို့ရှာနိုင်တဲ့ ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံရယ်ပါ ဆိုပြီး လစဉ်မပို့ဖြစ်ခဲ့တာ။ အဲ့ဒါ အမှားကြီးမှားခဲ့တဲ့အတွေး။ မိဘဆိုတာမျိုးက ပိုက်ဆံနည်းတာများတာဆိုတာထက် ကိုယ့်သားသမီးက ကန်တော့တယ်ဆိုတဲ့ ပီတိနဲ့တင် အားဖြစ်နေတာ။ ခုနောက်ပိုင်း လစဉ်အမေတို့ကို ကန်တော့တော့မယ်လို့ ရည်ရွယ်ထားတယ်။ နောက် ကိုယ်မြန်မာပြည်ပြန်တဲ့အချိန် ကန်တော့ချင်လို့ဆိုရင်တောင် ၀င်ငွေက ရှိချင်မှ ရှိတော့မှာလေ။ ဆိုတော့ ခုရှိနေတဲ့အချိန်လေးမှာ လုပ်နိုင်တာတွေ လုပ်ထားမှ.. 

ဒီနေ့တော့ ဒီလောက်ပဲနော်..
အိပ်တော့မယ်..

Saturday, September 1, 2018

အိမ်ရှင်မ

တနေ့ကပဲ Annual Competency Test 2 ပြီးလို့ ခဏနားနေတယ်။ နှစ်တိုင်း ဒီအချိန်ဆို အလုပ်မှာစာမေးပွဲတွေရှိတော့ စာလုပ်နေရတယ်။ Test 3 အတွက်ကို နောက်အပတ်မှပဲ စာစကြည့်တော့မယ်။ Test 1 နဲ့ Test 2 ကတော့ ခုထိအမှတ်ပြည့်ရနေသေးတယ်။ Test 3 ကြရင်တော့ ဘယ်လိုလာမလဲ မသိသေးဘူး။ စာမရေးဖြစ်တဲ့အကြောင်းရင်းကတော့ အဲ့စာမေးပွဲတွေကြောင့်ရော.. မင်္ဂလာဆောင်ပြီး အိမ်ရှင်မလုပ်နေရတော့ အိမ်အလုပ်တွေနဲ့ရှုပ်နေလို့ရော ဆိုပါတော့.. ဟဟဟ xD

အိမ်ရှင်မကောင်းဖြစ်ချင်တော့ ထမင်းဟင်းချက်ရတယ်။ အ၀တ်လျှော် မီးပူတိုက်ရတယ်။ အိမ်ထောင်မကျခင်ကတော့ တစ်ယောက်စာပဲပေါ့.. ကိုယ့်ဟာကိုယ်ပျင်းရင် ရှိတာလေးနဲ့လည်း ဖြစ်သလိုစားလိုက်တာပဲ။ တကူးတကချက်မနေဘူး။ ခုအိမ်ထောင်ကျပြီးတော့ အားလုံးနှစ်ယောက်စာ... ပင်ပန်းလည်း သူမစားနိုင်မှာစိုးလို့ ဖွယ်ဖွယ်ရာရာပြင်ဆင်ပေးတယ်။ အထူးသဖြင့် ကိုယ်ကသက်သတ်လွတ်စားတော့ အသားငါးမချက်ဘူးလေ။ သူက အိမ်မှာဆို ကန်ဒီ့လိုသက်သတ်လွတ် လိုက်စားပေးတော့ သူမစားနိုင်မှာစိုးလို့ သက်သတ်လွတ်ဟင်းတွေကို သေချာချက်ပေးတယ်။







ကန်ဒီ့ကို အသားငါးချက်ပေးဆိုလည်း မချက်တတ်ဘူး ဟဟဟ။ ကြက်သားဟင်းပဲ ချက်တတ်တယ်။ ဒါပေမယ့် အသားငါးမချက်ပေးဘူး ပြောထားတယ် xD သူကလည်း သဘောတူထားပြီးသားဆိုတော့ ကိစ္စကြီးကြီးမားမား မရှိတော့ဘူးပေါ့။ နောက်ပြီး သူကန်ဒီ့ကို စတွေ့ကတည်းက ကန်ဒီက သက်သတ်လွတ်သမား... သူလက်ခံနိုင်လို့ ရည်းစားစကားပြောခဲ့တာဆိုတော့ ဒါတွေကို သူ့ဘက်ကကြိုတွက်ထားပြီးသားလို့ ကန်ဒီယူဆတယ်လေ :D

အခုအိမ်မှာ အစစအရာရာ ပျက်စီးနေတယ်။ ဟိုဘက်ခန်း Aircon က ရေယိုလို့ Servicing ခေါ်တာ Chemical wash လုပ်ရမယ်ဆိုလို့ SGD 130 နဲ့ ဒီနေ့ပဲလုပ်ထားတယ်။ ဆက်လက်စောင့်ကြည့်ရမယ်။ အ၀တ်လျှော်စက်က ပျက်သွားလို့ အခုအ၀တ်တွေအကုန်လုံးကို လက်နဲ့လျှော်နေရတယ်။ ခါးတောင် နာချင်ချင်ရယ် >.< အခုမှ အ၀တ်လျှော်စက်ရှိခြင်းရဲ့ တန်ဖိုးကို ပိုနားလည်လာတယ် ဟဟဟ။ Agent က အသစ်လဲပေးမယ်လို့တော့ ပြောတာပဲ။ ဘယ်တော့များမှ လာမလဲမသိဘူး.. မျှော်နေရတယ် xD

ကန်ဒီ့တူလေးနောက်တစ်ယောက်စင်္ကာပူကို ရောက်နေတယ်။ ၀မ်းကွဲအစ်ကိုရဲ့သားလေး.. သူရောက်နေတာနဲ့ ကြီးကြီးတို့ ဘဘတို့ ကိုကြီးတို့ ကိုလေးတို့ ညီမလေးတို့နဲ့ မိသားစုညစာထွက်စားဖြစ်ကြတယ်။ အားလုံး လူလွတ်မရှိတော့ဘူး။ အတွဲလေးတွေနဲ့ ဖြစ်ကုန်ပြီ ဟဟဟ xD





ဒီနေ့တော့ ဒီလောက်ပဲနော်..
Good Night^^

Saturday, August 4, 2018

All about Vitamin B12

မင်္ဂလာပါရှင်..
ဒီနေ့တော့ ကန်ဒီရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတဲ့ Vitamin B12 အကြောင်းပိုစ့်လေး ရေးချင်ပါတယ်။ ကန်ဒီအရင်က ရေးဖူးခဲ့သလို သက်သတ်လွတ်စားတဲ့သူတွေအတွက် အပင်ကနေမရနိုင်တဲ့ Vitamin နှစ်မျိုးပဲ ရှိပါတယ်.. အဲ့ဒါတွေကတော့ ဘက်တီးရီးယားတွေက ရတဲ့ Vitamin B12 နဲ့ နေရောင်ခြည်က ရတဲ့ Vitamin D ပါ။ မြေကြီးပေါ်မှာ Vit B12 ပြုလုပ်တဲ့ ဘက်တီးရီးယားလေးတွေ ရှိပါတယ်။ အဲ့ဒီဘက်တီးရီယားတွေကို တိရိစ္ဆာန်တွေက စားသုံးပါတယ်။ အဲ့ဒီကတဆင့် လူတွေကအသားတွေစားတဲ့အခါ Vit B12 ကို တဆင့်ပြန်လည် ရရှိပါတယ်။ အဲ့ဒါကြောင့် စာတကယ်ဖတ်ပြီး ဗဟုသုတများတဲ့သူတွေ သက်သတ်လွတ်သမားတွေကို မေးတတ်တဲ့မေးခွန်းက “အသားနဲ့ နွားနို့မသောက်ရင် အသားဓာတ် (Protein) နဲ့ Calcium ဘယ်ကရမလဲ” ဆိုတဲ့ မေးခွန်းမျိုး မဟုတ်ပါဘူး.. “Vit B12 ချို့တဲ့ရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ မေးခွန်းပါ။ အဲ့ဒီ မေးခွန်းအတွက် ကန်ဒီ ဒီပိုစ့်ကို ရေးရခြင်းပါ။
Vit B12 ဟာ ကန်ဒီတို့ ခန္ဓာကိုယ်အတွက် အရမ်းအရေးပါတဲ့ Vitamin ပါ။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ အလုပ်လုပ်ဖို့ သွေးအားကောင်းဖို့ အာရုံကြောကျန်းမာရေး အားလုံးနဲ့သက်ဆိုင်ပါတယ်။ Vit B12 ချို့တဲ့ရင် ပထမဆုံးတွေ့ရှိရမယ့် လက္ခဏာက သွေးအားနည်းတာပါ (Megaloblastic anemia လို့ခေါ်ပါတယ်)။ သွေးစစ်ကြည့်ရင် ချက်ချင်းသိနိုင်ပါတယ်။ အဲ့ဒီကနေ ပိုဆိုးလာမှ အာရုံကြောအားနည်းတဲ့ လက်တွေထုံကျင်တဲ့ လက္ခဏာတွေ စတင်လာပါတယ်။ ဒီအခြေအနေတွေကို စောစောသတိထားမိတာနဲ့ Vit B12 သောက်ပြီး ပြန်ပြင်နိုင်ပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားလို့ Vit B12 ချို့တဲ့တယ်ဆိုတဲ့ဖြစ်စဉ်ဟာ အရမ်းရှားပါတယ်.. Less than one chance in million လို့ Dr. McDougall က ပြောထားပါတယ်။
ဘာလို့ Vit B12 ချို့တဲ့တယ်ဆိုတဲ့ဖြစ်စဉ်က ရှားပါးရလဲဆိုတာ ဆက်ပြီး ရှင်းပြချင်ပါတယ်။ ပထမအကြောင်းရင်းက ကန်ဒီတို့ အူလမ်းကြောင်းမှာကို Vit B12 ကိုပြုလုပ်ပေးနိုင်တဲ့ Bacteria လေးတွေ ရှိနေပါတယ်။ Vit B12 ကို အဓိကစုပ်ယူတဲ့နေရာက အူမကြီးအထက်ပိုင်းမှာပါ။ ကန်ဒီတို့ ခန္ဓာကိုယ်ဟာ Vit B12 ကို နည်းနှစ်မျိုးနဲ့ စုပ်ယူပါတယ်။ အဓိကစုပ်ယူတဲ့နည်းကတော့ အစားအစာကရတဲ့ Vit B12 ဟာ အစာအိမ်မှာရှိတဲ့ Intrinsic Factor ဆိုတာလေးနဲ့တွဲပြီး အူမကြီးအထက်ပိုင်းကနေ ခန္ဓာကိုယ်ထဲကို စုပ်ယူခြင်းပါ။ နောက်တစ်နည်းကတော့ Passive Absorption ဆိုတဲ့နည်းပါ။ ဒီနည်းကတော့ ခုနက Intrinsic Factor ဆိုတာလေး မလိုဘဲ သူ့ဟာသူစုပ်ယူတဲ့နည်းပါ။ ပထမနည်းလောက် အများကြီးမထိရောက်ဘဲ 1% လောက်ပဲ စုပ်ယူနိုင်ပါတယ်။


အဲ့လိုအူလမ်းကြောင်းကနေ စုပ်ယူထားတဲ့ Vit B12 တွေကို ကန်ဒီတို့ အသည်းကနေ သိမ်းထားပါတယ်။ အသားစားပြီး ကြီးပြင်းလာတဲ့သူတွေဆို အသည်းထဲမှာ 2mg to 5mg B12 က သိမ်းထားပြီးသားပါ။ ကန်ဒီတို့ တနေ့တာအတွက် လိုအပ်တဲ့ Vit B12 က 3 mcg (0.003mg) ထဲရယ်ပါ။ အသည်းထဲမှာ သိုလှောင်ထားတဲ့ Vit B12 နဲ့တင် သုံးနှစ်လောက်သုံးမကုန်တဲ့ Vit B12 တွေ ကန်ဒီတို့ခန္ဓာကိုယ်ထဲမှာ ရှိနေပါတယ်။ အသည်းထဲက ထုတ်လိုက်တဲ့ Vit B12 တွေကိုတောင် ခန္ဓာကိုယ် အူလမ်းကြောင်းက တဖန်ပြန်စုပ်ယူတတ်ပါသေးတယ်။ အဲ့ဒါကြောင့် Vit B12 ချို့တဲ့ဖို့ဆိုတာ အလွန်ရှားပါတယ်တဲ့။
Vit B12 ချို့တဲ့တယ်ဆိုတဲ့ဖြစ်စဉ်တွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါရှိတဲ့လူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အဓိကအကြောင်းရင်းက ခုနက ကန်ဒီပြောပြတဲ့ Intrinsic Factor ဆိုတာလေး မထုတ်နိုင်လို့ပါ။



Dr. McDougall က သက်သတ်လွတ်စားတာ (၃)နှစ်လောက်ရှိပြီဖြစ်တဲ့ သူတွေကို Vit B12 စသောက်ဖို့ အကြံပြုထားပါတယ်။ Market ထဲမှာ Cyanocobalamin, Methylcobalamin, Hydroxycobalamin စသဖြင့် Vit B12 အမျိုးအစား အမျိုးမျိုးရှိပါတယ်။ Methylcobalamin နဲ့ Hydroxycobalamin က Cyanocobalamin နဲ့ယှဉ်ရင် စုပ်ယူနိုင်မှုအား ပိုကောင်းပါတယ်။ ဈေးကွက်ထဲမှာ 500mcg, 1000mcg စသဖြင့် အမျိုးမျိုးတွေ့ရမှာပါ။ ခုနကပြောပြသလို ကန်ဒီတို့ခန္ဓာကိုယ်က တနေ့ကို Vit B12 3mcg ပဲလိုအပ်တာဆို ဘာလို့ဈေးကွက်ထဲက အားဆေးတွေက 500mcg, 1000mcg တွေဖြစ်နေတာလဲ မေးစရာရှိပါတယ်။ ဒီဈေးကွက်ထဲက Vit B12 အားဆေးတွေဟာ Intrinsic Factor မထုတ်နိုင်တဲ့သူတွေအတွက် ရည်ရွယ်ထုတ်ထားတာပါ။ သူတို့ခန္ဓာကိုယ်ဟာ ပထမနည်းနဲ့ Vit B12 ကို မစုပ်ယူနိုင်ဘဲ အူလမ်းကြောင်းကနေသာ အဲ့ဒီ 500mcg, 1000mcg ရဲ့ 1% ကိုပဲ Passive Absorption နဲ့ စုပ်ယူနိုင်လို့ပါ။ အဲ့ဒါကြောင့် ကန်ဒီတို့လို ပုံမှန်လူတွေအတွက်ဆို Vit B12 ကို နေ့တိုင်းသောက်စရာ မလိုပါဘူး။ တစ်ပတ်တစ်ခါလောက် သောက်ရင်ကို လုံလောက်နေပါပြီ။
နောက်ဆုံးအနေနဲ့ ဒီပိုစ့်လေးကို နိဂုံးချုပ်ရရင် ဒီ Vit B12 ဆိုတဲ့ ပြစ်ချက်လေးတစ်ခုအတွက်နဲ့ သက်သတ်လွတ်စားဖို့ကို မကြောက်ပါနဲ့။ Supplement လေး တစ်ပတ်တစ်ကြိမ်သောက်ရုံနဲ့တင် ဖြေရှင်းနိုင်တဲ့အရာလေးပါ။ ဒီပြစ်ချက်လေးတစ်ခုကြောင့် အသားစားမယ်ဆို အသားငါးစားလို့ရမယ့် သွေးတိုး၊ ဆီးချို ၊ ကိုလက်စရောဆိုတဲ့ အဖြစ်များတဲ့ရောဂါတွေက ပိုပြီးတောင် ကြောက်ဖို့ကောင်းတယ်လို့ ပြောချင်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေရှင်..
Reference: Vitamin B12 Deficiency - the Meat-eaters’ Last Stand by Dr. McDougall.

Wednesday, July 25, 2018

Promotion!!!

မင်္ဂလာညချမ်းပါ..
ကန်ဒီ့ဘလော့ဂ်က ဘယ်သူတွေ ဘယ်ကလာလဲ စပ်စုတဲ့ Visitor တွေကြည့်တဲ့ဟာလေးက မရတော့လို့ ဘယ်သူတွေလာလို့လာလဲ မသိရနဲ့ စာရေးချင်တဲ့ mood က ပျောက်နေတာလေ။ အရင်က အဲ့ဒါလေးရှိတော့ ကိုယ်ရေးတာလေးတွေ လာဖတ်တဲ့သူတွေရှိသားဆိုပြီး အားတက်ပြီး စာရေးဖြစ်တယ်။ ခုက ရေးရင်တောင် ဖတ်တဲ့သူရောရှိရဲ့လား မသိရတဲ့ဘ၀ :(

အဲ့ဒါထားပါတော့.. ဒီနေ့ပြောပြမှာက ပျော်စရာသတင်း။ ကန်ဒီရာထူးတက်သွားပြီ။ Senior ဆိုတာလေး ရှေ့မှာတိုးလာတယ်။ ဒီလိုအချိန်နှစ်ဝက်ဆို ကန်ဒီတို့အလုပ်မှာ Performance Bonus ဆိုတာရှိတယ်။ ဒီလိုအချိန်မျိုးဆို Clinic Pharmacy Manager (CPM) နဲ့ တစ်ယောက်ချင်း စကားပြောရတယ်။ သူက ကိုယ့်အားနည်းချက်တွေ အားသာချက်တွေကို ပြောမယ်ပေါ့။ သူကိုယ့်အပေါ် ပြီးခဲ့တဲ့ တစ်နှစ်လုံးစာ Rating ပေးတဲ့အပေါ်မူတည်ပြီး Bonus အနည်းအများ ကွာခြားသွားတယ်။ ပုံမှန်အားဖြင့် သူနဲ့စကားပြောပြီးရင် ကိုယ့်အခြေအနေ ရာထူးတိုးမတိုး အားလုံးသိပြီးပြီ။ ကန်ဒီ့အလှည့်ကျမှ သူနဲ့စကားပြောတဲ့အချိန်မှာ သူကရာထူးတိုးတယ် ဘာညာ ဘာတစ်ခွန်းမှ မပြောဘူး။ Rating ကိုတော့ Exceed Expectation ပေးထားတယ်။ အဲ့ဒါပဲ သိပြီး ရန်ကုန်ပြန်သွား မင်္ဂလာဆောင်ရော။ ရန်ကုန်ကပြန်လာပြီး ပြီးခဲ့တဲ့ နှစ်ပတ်လောက်မှ အလုပ်မှာ Promote ဖြစ်တဲ့သူတွေ တရားဝင်ကြေငြာမှ ကိုယ်ရာထူးတက်တာ သိတယ် ဟဟဟ။ အဲ့သတင်းကြီးထွက်လာမှ CPM က ကိုယ့်ဆီဖုန်းဆက်ပြီး ရာထူးတိုးတဲ့အကြောင်းပြောတယ်။ Upgrade ဆို သူတစ်ယောက်တည်း ဆုံးဖြတ်လို့ရပေမယ့် Promotion ကျတော့ တခြား Branch က CPM တွေပါ Approve ဖြစ်မှ ပေးလို့ရတာမို့ သူမသိသေးတဲ့အချိန်မို့ ဘာမှမပြောခဲ့တာပါတဲ့။ ကန်ဒီ့အတွက်တော့ လုံးဝ Surprise ပေါ့။ အလုပ်ကလူတွေကကျ ကန်ဒီက လျှိုတယ်ပေါ့.. ရာထူးတက်တာ မပြောဘူးဆိုပြီး ဟဟဟ... အမှန်က ကိုယ်တကယ်ကိုမသိခဲ့တာ xD

ဒါကန်ဒီ့ပထမဆုံးအလုပ်.. ဒီမှာလုပ်တာ (၄)နှစ်ကျော်လောက်ရှိပြီ။ ကန်ဒီကံကောင်းတယ်ပဲ ပြောရမယ်။ မန်နေဂျာ ခေါင်းဆောင်ကောင်းကောင်းရထားတယ်။ ကန်ဒီ့အတွက်တော့ သူက တကယ့်စံပြပဲ။ တချို့တွေက သူ့ကိုမကြိုက်ကြဘူး။ ဘာလို့လဲဆိုတာ ဘယ်လိုမှစဉ်းစားလို့မရဘူး။ တစ်ခုခုဖြစ်ရင် သူ့ကိုပြေးရှာလို့ရတယ်။ လူနာ Complain တက်လည်း ခေါင်းမရှောင်တတ်ဘူး။ သူကိုယ်တိုင်ရှင်းတယ်။ အမြဲအလုပ်ရှုပ်ပြီး ကန်ဒီတို့နဲ့ နေ့တိုင်းမတွေ့ဖြစ်ပေမယ့် တစ်ယောက်ချင်းစီရဲ့ အားနည်းချက် အားသာချက်ကို သူသိတယ်။ ကန်ဒီ့အားနည်းချက်ကို သူသိတာ ကိုယ်တိုင်အံ့သြရတယ်။ ကန်ဒီ့ကို Teamwork အရမ်းကောင်းတယ်။ အားလုံးနဲ့ သင့်မြတ်အောင်နေနိုင်တယ်။ ဒါပေမယ့် တင်းမာရမယ့်ကိစ္စမျိုးတွေကျရင် နည်းနည်းပျော့တယ်တဲ့။ တချို့နေရာတွေမှာ တင်းမာသင့်ရင် တင်းမာရမယ်... ပြောစရာရှိရင် ပြောရမယ် ပြောရဲရမယ်လို့ ဆုံးမတယ်။ နောက်တစ်ခုက ကန်ဒီက တခုခုဆို သူများလာအကူအညီတောင်းရင် အဲ့ဒီ Case ကို Takeover ယူပြီး ကိုယ်ပဲဖြေရှင်းပေးလိုက်တာမျိုး။ အလုပ်မှာ တော်တော်များများက သူတို့ဘာလုပ်ရမလဲ မသိရင် ကန်ဒီ့ဆီပဲလာမေးတတ်တာလေ။ အဲ့ဒါမျိုးကျရင် ကိုယ်က၀င်ကူညီပေးပြီးရင် နောက်တစ်ခါ ဒါမျိုးကြုံလာခဲ့ရင် သူတို့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနိုင်ရမယ်တဲ့။ ကန်ဒီက Clinical Trainer ... Clinical Training ပိုင်းမှာ အရမ်းတော်တယ်တဲ့.. ဒါပေမယ့် Clinical Training အပြင် တခြားအပိုင်းတွေမှာလည်း တခြားသူတွေကို Train စေချင်တယ်တဲ့။ ကဲကြည့် အဲ့ဒါက ကန်ဒီ့ရဲ့ Biggest Weakness... သူများကို ဘာလုပ်ပါ ပြောရမှာ ကန်ဒီအရမ်းဝန်လေးတယ်။ အဲ့လိုပြောရမှာထက် ကိုယ်တိုင်ဝင်လုပ်လိုက်ချင်တာမျိုး။ အဲ့ဒါကို သူသိနေတာ အံသြစရာ >.<

သူက အဲ့အချက်လေးတွေကို တိုးတက်လာအောင် ကြိုးစားကြည့်ပါတဲ့။ သူတို့အမြဲ Support လုပ်ပေးမယ်.. အမြဲတိုင်ပင်နိုင်တယ်တဲ့။ Promotion Letter Officially ပေးတဲ့အချိန်မှာလည်း သူက မေးတယ်။ တခြားသူတွေက ကန်ဒီရာထူးတိုးပြီးတဲ့အချိန်မှာ ပြောင်းလဲဆက်ဆံတာမျိုးတွေ ရှိလားတဲ့။ အလုပ်မှာ ကန်ဒီ့ထက် လုပ်သက် သက်တမ်းကြာပြီး Senior မဖြစ်သေးတဲ့သူတွေရှိတော့ သူတို့က ပြောင်းလဲဆက်ဆံတာမျိုးတွေ ဖြစ်မှာစိုးလို့ပါတဲ့။ အဲ့လိုမျိုးထိတွေးပြီး မေးတတ်တာ.. ကန်ဒီက အားလုံးအေးဆေးပါပဲလို့ ဖြေလိုက်တယ်။ 

အပျော်တွေကူးစက်အောင် ရေးတဲ့ပိုစ့်လေးပါ..
အားလုံး ရွှင်လန်းချမ်းမြေ့ပါစေနော်..

Sunday, June 24, 2018

1st June 2018

အားလုံး အားလုံး မင်္ဂလာပါရှင်..
စာမရေးတာ တစ်လကျော်ကျော်တောင် ရှိသွားပြီနော်.. လာလည်တဲ့ စာဖတ်သူတွေတောင် ရှိသေးရဲ့လားမသိ.. ဘာဖြစ်ဖြစ် ကိုယ့်ဒိုင်ယာရီစာအုပ်လေးဆိုတော့ ရေးချင်တဲ့အချိန် ထလာရေးရတာပါပဲ။ မင်္ဂလာဆောင်လည်း ပြီးသွားတော့ ခုမှအေးအေးဆေးဆေးဖြစ်သွားတာလေ။ ဒီနေ့တော့ လက်မှတ်ထိုးတဲ့နေ့လေးတုန်းက ပုံလေးတွေ အမှတ်တရတင်ချင်လို့ပါ။ 

ကန်ဒီတို့ရန်ကုန်ပြန်သွားတာ မေလ(၂၉)ရက်နေ့... လက်မှတ်ထိုးတာ ဇွန်လ(၁)ရက်နေ့ပေါ့။ တရားရုံးမသွားခင် အရင်ဆုံး ဘုရားကန်တော့... ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်း ကပ်လှူ ... မိဘကန်တော့ပါတယ်။






အိမ်ကနေတရားရုံးသွားတာ ကားတွေပိတ်တာအရမ်း.. (၁၀)နာရီချိန်းတာ (၁၀)နာရီခွဲကျော်ကျော်မှ ရောက်တယ်။ ဟိုရောက်တော့ တရားသူကြီးရှေ့မှာ တရားဝင်လက်မှတ်ထိုး :)





ဒီပုံလေးကို သူငယ်ချင်းအစ်မနှစ်ယောက်က Hardcopy လေးထုတ်ပြီး Photo Frame လေးနဲ့ လက်ဖွဲ့ထားတယ်။ အရမ်းသဘောကျတာပဲ။ ဟန်ဆောင်ပြုံးတွေမပါဘဲ သဘာဝကျလို့လေ..

နောက်ပွဲတွေက ဓာတ်ပုံတွေတော့ ဖြည်းဖြည်းချင်းလာမယ်နော် :D

Thursday, May 10, 2018

"30"

စာမရေးဖြစ်တာ တော်တော်ကြာ.. ဘာတွေရှုပ်နေလဲမေးရင် ဘယ်လိုတွေပြောပြရမလဲ မသိအောင်ကို စုံနေတာ ဟဟဟ။ ပြီးခဲ့တဲ့တစ်ပတ်လုံးကတော့ Presentation Rehearsal အတွက် စာဖတ်နေရတယ်၊ Slides တွေ ပြင်နေရတယ်။ တကယ့် Seminar က မေလ(၂၂)ရက်နေ့... ဒါပေမယ့် Rehearsal သဘောလုပ်ရတဲ့ဟာက မေလ(၈)ရက်နေ့ဆိုတော့ အဲ့နေ့အမှီ စာတွေအသားကုန်ဖတ်၊ ကိုယ်ပြောမယ့်အရာတွေ ပြင်နေရတာ ဖတ်ဖတ်ကိုမောရောပဲ။ Seminar Poster က ထွက်နေပြီ။ လူ(၁၂၀)လောက်ရှေ့မှာပြောရမှာ ဒါပထမဆုံးပဲ။ နည်းနည်းတော့ လန့်တယ်။ ဒါပေမယ့် ဖြစ်သွားမှာပါလေ.. (ကိုယ့်ကိုကိုယ်အားပေးတာ)။ အလုပ်က သူငယ်ချင်းတွေကလည်း ကန်ဒီ့နာမည်မှာ အသည်းလေးတွေရေးပြီး အားပေးကြတယ်.. အဲ့လိုချစ်ဖို့ကောင်းတာ။


အဲ့ဒါအပြင် ဘာရှုပ်သေးလဲဆိုတော့ ကန်ဒီ့မွေးနေ့.. မေလ(၂)ရက်နေ့။ အသက်(၃၀)ပြည့်တဲ့နေ့... (ငိုရမလား ပျော်ရမလား xD) အချိန်တွေ ဘယ်လောက်မြန်လဲဆိုတာ ကိုယ့်ဟာကိုယ်(၃၀)ပြည့်တာ ယုံတောင် မယုံနိုင်သေးဘူး ဟဟ။ ဇရာကတော့ ထောင်းလာပါပြီ။ အလုပ်က သူငယ်ချင်းက ဘာရယ်မဟုတ်ဘူး... "When is your Birthday?" ဆိုပြီး လာမေးတာ.. ဖြစ်ချင်တော့ နောက်အပတ်ဖြစ်နေတာနဲ့ "Next week. What will you get for me?" ဆိုပြီး နောက်လိုက်တာ.. သူက မွေးနေ့လက်ဆောင်ကြီး တကယ်ဝယ်လာတယ်။ အားနာလိုက်တာ ဟဟဟ xD






မွေးနေ့အမှတ်တရ "Cozy Corner" ဆိုတဲ့ သက်သတ်လွတ်ဆိုင်အသစ်မှာ ညစာသွားစားတယ်။ ဆူရှီ၊ Sweet Potato Smoothie နဲ့ Seaweed sausage စားကြည့်တယ်။ Sausage က တကယ့်အသားနဲ့တူတာ စားစားခြင်း လန့်တောင်လန့်သွားတယ်။ ချစ်သူဆီက ကန်ဒီအရမ်းလိုချင်နေတဲ့ Instax mini camera လေး ရတယ် ^_^

နောက်ဘာတွေလုပ်သေးလဲဆိုတော့ မေဒေးပိတ်ရက်မတိုင်ခင် ညနေမှာ အလုပ်ကသူငယ်ချင်းတွေနဲ့ Bowling သွားဆော့တယ်။ အဲ့လို အဲ့လိုတွေ လမ်းများနေတာလေ... အိမ်ပြန်ရောက်ရင် စာကလည်း လုပ်ရသေးတယ် ဟဟဟ




ဒီနေ့တော့ ဒီလောက်နဲ့ရပ်မယ်နော်..
တာ့တာ

Sunday, April 22, 2018

မျှော်နေရသောသင်္ကြန် ကြိုနေရသောသင်္ကြန်

ကန်ဒီတို့ရဲ့ တိုပါးရိုးသင်္ကြန်လေး ချောချောမွေ့မွေ့ပဲ ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ပြီးသွားပါပြီရှင်.. ဒီနေ့ပိုစ့်လေးကတော့ သင်္ကြန်ပုံလေးတွေ တင်ဖို့နဲ့ သင်္ကြန်အမှတ်တရလေးတွေ ပြောဖို့ပါ။ ပြီးခဲ့တဲ့ပိုစ့်မှာ ကန်ဒီပြောပြထားသလိုပဲ အဖွဲ့ထဲက ညီမတစ်ယောက်က ရုတ်တရက်ရန်ကုန်ပြန်သွားရတော့ နောက်ညီမလေးတစ်ယောက်ကို အစားထိုးပြီး သူ့ကို(၃)ရက်တည်းနဲ့ သီချင်းသုံးပုဒ်ကို အပြီးတိုက်ရတယ်။ အဲ့ဒီအသစ်ညီမလေးကလည်း တော်တယ်။ သူသီချင်း(၃)ပုဒ်လုံးကို (၃)ရက်တည်းနဲ့ မှတ်နိုင်တယ်။ 


သင်္ကြန်မတိုင်ခင် Rehearsal နေ့ကတော့ မှတ်မှတ်ရရ ဆရာမဆူတာ တဖွဲ့လုံးခံရတဲ့နေ့။ မညီလို့လေ.. မညီဆို တိုက်ချိန်ကလည်း မရ၊ တစ်ယောက်အားရင် နောက်တစ်ယောက်က မအား၊ ဒီကြားထဲ လူစားထိုးလိုက်ရသေးတယ်၊ အဲ့ဒီ Rehearsal နေ့မှ တဖွဲ့လုံးလူစုံတယ်။ လူစုံတခါမှ မတိုက်ဖူးဘဲ အဲ့နေ့မှလူစုံတိုက်တော့ တယောက်တပေါက် မညီမညာနဲ့ပေါ့။ နေ့လည်(၁၂)နာရီကနေ ညနေ(၄)နာရီကျော်ထိ တချက်မှ မနားရဘူး။ ဆက်တိုက် ဆရာမအဆူခံပြီး တိုက်ရတာ။ တချက်မညီတာနဲ့ သီချင်းပိတ် အစကပြန်က,ရတာ။ နောက်ဆုံးတော့ ဆရာမလည်း ဆူရတာမောသွားတယ်၊ ကိုယ်တွေလည်း မျော့မျော့ပဲကျန်တော့တယ်။ စိတ်လည်းလျော့ချလိုက်တယ်။ ဒီနှစ်သင်္ကြန်တော့ ပင်တိုင်ယိမ်း နာမည်ပျက်ပြီပေါ့။ နှစ်စဉ်ညီညီညာညာ က,လာတာကိုး။  


နောက်နေ့ မနက်စောစောထ ကိုယ့်ဟာကိုယ် အလှပြင်၊ ဆံပင်ပြင်၊ ပန်းပန် ဘုန်းကြီးကျောင်းကို (၉)နာရီလောက် အရောက်သွားရတယ်။ ဆရာမက မျက်တောင်တုတပ်ရမယ်ဆိုလို့ တစ်ခါမှ မတပ်ဖူးတဲ့ မျက်တောင်တုကိုတပ်တာ (၁၅)မိနစ်ကြာတယ်။ ချိတ်နဲ့က အောင်ထက်နဲ့ နီနီခင်ဇော်ဆိုထားတဲ့ "မင်္ဂလာပါ" ဆိုတဲ့သီချင်းလေး က,တယ်။





"ရွှေသင်္ကြန်"ဆိုတဲ့ သီချင်းလေးရယ် "တစ်နှစ်နွမ်း တစ်နှစ်ဆန်း"ဆိုတဲ့ သီချင်းလေးရယ်ကိုကျ ဆင်တူခရမ်းရောင်ဝတ်စုံလေးတွေနဲ့ ကတယ်။ အရင်နှစ်ကလောက် အားမရပေမယ့် အားလုံးကြိုးစားပြီး ကကြပါတယ်။ ပရိသတ်တွေကလည်း အားပေးတယ်။ အပျော်ရဆုံးအချိန်ကတော့ သင်္ကြန်ပြီး နောက်တနေ့.. ကန်ဒီတို့အဖွဲ့က,တဲ့ Video ဖိုင်လေးကို ကိုယ်တွေမသိတဲ့ အစ်ကိုတယောက်က စင်္ကာပူရောက် ရွှေမြန်မာများဆိုတဲ့ Facebook Group လေးမှာ သွားရှယ်ထားတာ.. Comments တွေမှာ အားလုံးက တော်တယ်၊ ကသွားတာ လှလိုက်တာ၊ အဲ့ဒီအဖွဲ့အရမ်းသဘောကျတယ်ဆိုတဲ့ comment လေးတွေ ဖတ်ရတော့ တဖွဲ့လုံး ပျော်နေကြတယ်။




နောက်မှတ်မှတ်ရရလေး တစ်ခုကတော့.. ယိမ်းအပြင် မောင်လေးတစ်ယောက်က သူဆိုတဲ့သီချင်းလေးကို က,ပေးကြပါဆိုတာနဲ့ ဆရာမရယ်၊ ကန်ဒီရယ်၊ နောက်ညီမလေးရယ်က သူ့အတွက် အကကျင့်ထားပေးတယ်ပေါ့။  ပွဲနေ့ကျတော့ ကန်ဒီက သူ့သီချင်းအလှည့်ဆိုတာမေ့ပြီး နေ့လည်စာစားနေတာ။ MC တွေက သူ့သီချင်းနာမည်ခေါ်မှ ပါးစပ်ထဲ ပလုတ်ပလောင်းနဲ့ စင်ပေါ်ပြေးရတာ ဟဟဟ xD





ကဲ.. အာလူးဖုတ်မနေတော့ဘဲ ကန်ဒီတို့က,တဲ့ ဗွီဒီယိုလေး ပြမယ်နော်။ သီချင်းကတော့ နှစ်ပုဒ်ပဲပါတယ်။ ပထမဆုံးက,တဲ့ တစ်ပုဒ်က မရိုက်လိုက်ရလို့။ မညီမညာတာလေးတွေကို သည်းခံပြီး ကြည့်ပေးပါလို့ :D


နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..

Thursday, April 12, 2018

တိုပါးရိုး ပင်တိုင်ယိမ်း

မင်္ဂလာညချမ်းပါနော်..
ကန်ဒီတို့အဖွဲ့ သင်္ကြန် Photoshoot က ပုံလေးတချို့ရပြီမို့ သင်္ကြန်မတိုင်ခင်လေး လာပြတာပါ။ (၈)ယောက်ရှိတဲ့အဖွဲ့မှာ အဲ့နေ့က တစ်ယောက်က မအားတော့ (၇)ဖော် မင်းသမီးတွေ ဖြစ်သွားတယ်လေ။ တိုပါးရိုးသင်္ကြန်က လာမယ့်တနင်္ဂနွေ ဧပြီလ(၁၅)ရက်နေ့ပါ။ နေ့လည်(၁၁)နာရီလောက် အဆိုအကတွေ စပါမယ်။



အားလုံးအကတွေတိုက်ပြီး သင်္ကြန်နားနီးမှ အခုပြသနာတတ်နေတယ်။ အဖွဲ့ထဲက ညီမလေးတယောက်က ရုတ်တရက်ရန်ကုန်ခဏပြန်သွားရတော့ အခုအသည်းအသန် လူရှာနေရတယ်။ တယောက်ရပြီလို့တော့ ပြောတယ်။ အဲ့ဒီအသစ်ညီမလေးကို အချိန်တိုအတွင်းမှာ အကတွေ အကုန်ပြန်သင်ရမှာပေါ့။ ဖြစ်လိုက်ရင် အဲ့လိုအသည်းအသန်တွေချည်းလေ..





ပညာဒါနကအစ်ကိုတွေ ရိုက်ပေးတဲ့ ပုံလေးတွေ လှမှလှနော်.. ဓာတ်ပုံဆရာတွေတော်လို့ အားလုံးလှနေကြတာပါ။ သူတို့က အသေးစိတ် သူတို့လိုချင်တဲ့ပုံစံရတဲ့အထိ လိုက်ပြောပေးတယ်။ ထမီကိုဘယ်လိုပြင်လိုက်ပါ၊ ခေါင်းကိုဘယ်လိုစောင်းလိုက်ပါ ဆိုတာမျိုး။ အဲ့ဒါကြောင့်လည်း ပုံလေးတွေက လှနေတာ။






ဒါက ကန်ဒီ့ကို တယောက်တည်းရိုက်ပေးထားတဲ့ပုံလေးတွေ... ကင်မရာကောင်းတော့ နောက်ခံရှုခင်းက၀ါးဝါးလေးတွေဖြစ်ပြီး အရမ်းလှတယ်။ အဲ့ပုံရဖို့ ကန်ဒီ့ကို အာပေါက်အောင် ပြောရတယ်လေ။ အဲ့လိုတော်တဲ့ မော်ဒယ်ပါ (xD)။ ထမီက ကျနေရင် မလှဘူးဆိုလို့ ထမီကိုဒူးနဲ့ညှပ်ထားရတယ်၊ ဘယ်ဖက်လက်နဲ့ ကိုင်ထားရတယ် ဟဟဟ။ လှချင်တော့ အဲ့လောက်တော့ အပင်ပန်းခံရတယ်။ Garden by the Bay မှာ သွားရိုက်ထားတာပါ။ စိတ်ရှည်လက်ရှည်ရိုက်ပေးတဲ့ အစ်ကိုများအားလုံးကို ကျေးဇူးတင်ပါတယ်။


ကန်ဒီတို့ အကတိုက်ထားတဲ့ Video File လေးတချို့ကို စုပြီး အမှတ်တရဗွီဒီယိုလေး လုပ်ထားပါတယ်။ ဒါကတော့ သင်္ကြန်မတိုင်ခင် အမြည်းပေါ့နော်..

တာ့တာ..