ဒီနေ့တော့ ကန်ဒီနဲ့ ရန်ကုန်တူတူပြန်ကြမယ်နော်။ လေယာဉ်က မနက်အစောကြီး.. (၇)နာရီ (၅၅)မိနစ် လေယာဉ်ဆိုတော့ အိမ်က (၆)နာရီမထိုးခင်လောက်ထွက်တယ်။ (၇)နာရီထိုးခါနီးလောက် လေယာဉ်ကွင်းရောက်တယ်။ Check in ၀င်တာနဲ့ဘာနဲ့ဆိုတော့ ကွက်တိပဲလေ။
စာအုပ်လေးဖတ်လိုက်.. လေယာဉ်ပေါ်ကကျွေးတဲ့ မနက်စာလေးစားလိုက်.. ဇိမ်ပေါ့။ လေယာဉ် Booking လုပ်ကတည်းက မနက်စာကို Vegan Meal Request လုပ်ထားတော့ ပိုပြီးအဆင်ပြေတယ်။ ပဲနို့၊ အာလူးကတ်တလိတ်၊ သူတို့ပေးတဲ့ Butter က အစ နွားနို့ကလုပ်တာမဟုတ်တဲ့ Vegan Butter.. Singapore Airline ကို အဲ့တစ်ခုနဲ့တင် အရမ်းသဘောကျတယ်။ အဲ့လို Request လုပ်လို့လည်း Extra Charge မပေးရဘူး။ Online မှာ Meal ကို သွားပြောင်းလိုက်ရုံပဲ။
လေယာဉ်က (၂)နာရီ(၄၅)မိနစ်လောက် စီးရတယ်။ ရန်ကုန်ကို ရန်ကုန်အချိန် (၉)နာရီခွဲလောက်ရောက်တယ်။ နေ့လည်စာကို အမေက ရှယ်ချက်ကျွေးတယ်။ အိမ်ပြန်ရောက်ရင် မပါမဖြစ်ဟင်းကတော့ မန်ကျည်းရွက်သုပ်.. သူ့သမီးစားရအောင်ဆိုပြီး အမေက အိမ်က မန်ကျည်းပင်တွေကို အရွက်သတ်ထားတာ။ ကန်ဒီလာတဲ့အချိန်ကျ အရွက်နုနုလေးတွေ ထွက်နေပြီလေ။ သုပ်စားလို့ အရမ်းကောင်းပဲ။ သီးစုံပဲကုလားဟင်းပါတယ်.. ပဲပိစပ်ချက် ပါတယ်.. ကင်းမုံရွက်ကြော်နဲ့ ချဉ်ပေါင်ကြော်ပါတယ်။ အားလုံးသက်သတ်လွတ်..
တူအငယ်လေးကို အပြင်မှာမမြင်ရသေးဘူးဆိုတော့ အပြေးအလွှားသွားကြည့်ရတယ်။ အသားဝါတာနဲ့မီးပြထားလို့ အသားညိုနေတာ.. ညိုချောလေးပေါ့ ဟဟ။ ဒါ ကန်ဒီ့ဝမ်းကွဲအစ်ကိုလေးရဲ့သားလေး။ အားချစ်လေးလို့ ခေါ်တယ် လောလောဆယ်တော့။ နာမည်မပေးရသေးလို့။
ဒါကတော့ ညီမအရင်းခေါက်ခေါက်ကမွေးတဲ့ တူအကြီး ဥာဏ (ခေါ်) အားပုလေး.. တစ်နှစ်ခွဲရှိပြီ။ စကားတော့ မပြောသေးဘူး။ စကားသာမပြောတာ.. သူအကုန်သိ။ အမေတို့ အလုပ်ရှုပ်နေတယ်ဆိုတာ သူ့ထိန်းနေလို့လေ ဟဟ။ သူ့အဖေနဲ့အမေက အဲ့အချိန်က ဖောင်ကြီးတက်နေကြတယ်။ ကလေးကို အမေတို့ဆီပို့ထားတယ်။ ခုလည်း အိမ်မှာပဲ များပါတယ်။ သူ့အဖေနဲ့အမေက ဆရာဝန်တွေ.. ဆေးရုံမှာအလုပ်လုပ်တယ်။ ဆေးရုံဆိုတဲ့အတိုင်း Shift နဲ့အလုပ်ဆင်းရတော့ ကလေးက အဘိုးအဘွားအိမ်မှာနေတာများတယ်။
ရန်ကုန်မှာရှိသော တစ်ဦးတည်းသော သူငယ်ချင်း ငါးဖယ်ဟင်းနဲ့ သွားတွေ့.. ရန်ဂွတ်စ်ဆိုင်ကို သူ့လိုက်ပို့ခိုင်း.. ကြိုက်လို့လေ.. အဲ့လို Vintage Design လေးတွေ။ အဲ့အိတ်လေးဝယ်ခဲ့တယ်။ ပြီးခဲ့တဲ့ပိုစ့်မှာ မြန်မာအကျီလေးနဲ့လွယ်ထားတာ အဲ့အိတ်လေး :D
ရန်ကုန်မနက်ခင်းတွေကတော့ ဒီလိုပေါ့။ ဒန်းပေါ်မှာ Matcha Tea လေးသောက်.. စာအုပ်ဖတ်။ ကလေးထိန်း။ အမေက မှိုတွေပေါက်နေပြီ။ ဓာတ်ပုံလာရိုက်ဦးဆိုတာနဲ့ သစ်တုံးပေါ်မှာ ပေါက်နေတဲ့မှိုကို ဓာတ်ပုံသွားရိုက်။ နေ့ခင်းကျတော့ အဲ့မှိုတွေကို သုပ်စားတယ် ဟဟဟ
နောက်ရန်ကုန်မှာ ဘာတွေလုပ်သေးလဲဆိုတော့... မင်္ဂလာဆောင်ဖို့ခန်းမ Booking လုပ်တယ်။ မင်းကွန်းတိပိဋက နိကာယ ကျောင်းမှာ။ မင်္ဂလာဆောင်ကို ဘာမှကြီးကြီးကျယ်ကျယ်မလုပ်ဘူး.. ဘုန်းကြီးပဲ ဆွမ်းကပ်မယ်လို့ အမေ့ကိုပြောတာ။ အမေက ဘုန်းကြီးဆွမ်းကပ်မယ်ဆိုလည်း မင်းကွန်းတိပိဋကမှာတော့ လုပ်ပါတဲ့။ တင့်တင့်တယ်တယ်လေး ဖြစ်တယ်တဲ့။ သူပဲ ရွေးတာ။ ခန်းမက ရွှေရတုခန်းမကြီးကို (၄)သိန်း။ ဓာတ်ပုံ၊ ဗွီဒီယိုအတွက်လည်း သူတို့မှာအဆင်သင့်ရှိပြီးသား.. (၁၈၀၀၀၀)ကျပ်က စရှိတယ်။ တခါတည်းအဆင်ပြေသွားတာပေါ့။ အစားအသောက်က ဘာကျွေးမှာလဲဆိုတာ နီးမှသွားပြောလို့ရတယ်။ အမေက ကိုယ်သက်သတ်လွတ်စားပေမယ့် မင်္ဂလာဆောင်တော့ အများစားနိုင်အောင် ပုံမှန်ပဲလုပ်ပါဆိုလို့ အမေ့စကားနားထောင်လိုက်တယ်။
Pre Wedding Photo ကို အစက မရိုက်တော့ဘူး လုပ်ထားပေမယ့် နောက်တော့ အမှတ်တရဖြစ်အောင် ရိုက်လိုက်ပါမယ်ဆိုပြီး အဲ့ဒါလည်း Booking လုပ်ဖြစ်တယ်။ ၀တ်စုံ(၂)စုံပဲ (၃)သိန်းခွဲ.. "My Dream"မှာ။ မင်းကွန်းတိပိဋကကျောင်းက အစ်ကိုကြီးညွှန်လိုက်တာ။ ဒီတစ်ခေါက်ရန်ကုန်ပြန်တာ နှစ်ယောက်တူတူ အဲ့ဒါတွေလုပ်ဖို့.. ဖြစ်ချင်တော့ သူကအလုပ်ပြောင်းတာနဲ့ ခွင့်ယူလို့မရဘဲ ကန်ဒီတစ်ယောက်တည်း အမေတို့နဲ့ အဲ့ဒါတွေ အကုန်လုပ်လိုက်တယ် ဟဟ။ သူက အားလုံးကန်ဒီ့သဘောဆိုတော့လည်း ပြီးရောပေါ့ xD
ကန်ဒီပြီးခဲ့တဲ့ပိုစ့်မှာ ပြောပြထားတဲ့ အိမ်ကိစ္စပြဿ နာလေ။ အမေ့ကိုတိုင်ပင်တော့ အမေက အဲ့ကိစ္စကြောင့်တော့ စင်္ကာပူမှာအရင်မင်္ဂလာမဆောင်ရဘူးတဲ့။ သူရွေးထားတဲ့ ဇွန်လ(၁)ရက်ကပဲ အတည်တဲ့။ အခန်းလူမရှိလို့ လွတ်နေတဲ့နှစ်လစာကို ကိုယ့်အိတ်စိုက်တဲ့။ အဲ့ဒါနဲ့ ဟုတ်ကဲ့ပေါ့.. အမေတို့က အဲ့လိုဖြစ်စေချင်တော့ စကားနားထောင်တယ်လေ။ အသက်ကြီးလာတော့ မိဘစိတ်ချမ်းသာဖို့က နံပါတ်(၁)ဖြစ်လာတယ်။ ငယ်ငယ်ကဆို အမေက ဆံပင်မညှပ်သေးနဲ့ဦးပြောရင် ကိုယ့်ဟာကိုယ်ဆိုင်မှာသွားညှပ်ပြီး မိဘစိတ်ကသိကအောက်ဖြစ်အောင် လုပ်ခဲ့တာမျိုး.. ဆိုးခဲ့ ခေါင်းမာခဲ့တာလေ။ ခုတော့ လိမ္မာသွားပြီ။
ဖြစ်ချင်တော့ မတ်လမှာပြောင်းမယ်ဆိုတဲ့အစ်မက မေလကုန်ကျမှာပြောင်းမယ်ဆိုပြီး မနေ့ကပြောလာတယ် ဟဟဟ။ အဆင်ပြေချင်တော့ သူ့ဟာသူကို ဖြစ်သွားတာ။ ကိုယ်လည်း ဘာမှမလုပ်ရဘူး။ ကံကောင်းတယ်ပဲ ပြောရမှာပေါ့။ မဟုတ်ရင် တစ်လကို SGD 560နဲ့ နှစ်လစာဆိုတော့ (၁၀)သိန်းကျော်လောက်က ဘာမှမလုပ်ရပဲ ပလုံအုန်းမယ်။ အဲ့ဒီ Update လေး ပြောပြရင်းနဲ့ ဒီရန်ကုန်ပိုစ့်လေး ရေးဖြစ်တာ။ ဒီလကုန်မှာ အလုပ်က စာမေးပွဲရှိတယ်။ စာကြည့်ရမယ်။
Good Night^^
4 comments:
အစ်ကိုကြီးတဲ့... သဲလွန်စလေးကို သေးသေးလေးတွေပဲ တစချင်းချထားခဲ့တယ်..း)
မိုးငွေ့
ဟဟဟ.. မဟုတ်ရပါဘူးနော် xD
Congratulations ကြိုလုပ်ခဲ့ပြီဗျို့... ပိုစ့်ကြည့်ရင်း ဗိုက်ဆာတယ်.. မြန်မာစာတွေလွမ်းတယ်.. ပို့အဟောင်းတွေ သွားဖတ်လိုက်ဦးမယ်.. :P
ဟဟဟ... ကျေးဇူးပါ အစ်ကိုရေ..
Post a Comment