Saturday, August 4, 2018

All about Vitamin B12

မင်္ဂလာပါရှင်..
ဒီနေ့တော့ ကန်ဒီရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတဲ့ Vitamin B12 အကြောင်းပိုစ့်လေး ရေးချင်ပါတယ်။ ကန်ဒီအရင်က ရေးဖူးခဲ့သလို သက်သတ်လွတ်စားတဲ့သူတွေအတွက် အပင်ကနေမရနိုင်တဲ့ Vitamin နှစ်မျိုးပဲ ရှိပါတယ်.. အဲ့ဒါတွေကတော့ ဘက်တီးရီးယားတွေက ရတဲ့ Vitamin B12 နဲ့ နေရောင်ခြည်က ရတဲ့ Vitamin D ပါ။ မြေကြီးပေါ်မှာ Vit B12 ပြုလုပ်တဲ့ ဘက်တီးရီးယားလေးတွေ ရှိပါတယ်။ အဲ့ဒီဘက်တီးရီယားတွေကို တိရိစ္ဆာန်တွေက စားသုံးပါတယ်။ အဲ့ဒီကတဆင့် လူတွေကအသားတွေစားတဲ့အခါ Vit B12 ကို တဆင့်ပြန်လည် ရရှိပါတယ်။ အဲ့ဒါကြောင့် စာတကယ်ဖတ်ပြီး ဗဟုသုတများတဲ့သူတွေ သက်သတ်လွတ်သမားတွေကို မေးတတ်တဲ့မေးခွန်းက “အသားနဲ့ နွားနို့မသောက်ရင် အသားဓာတ် (Protein) နဲ့ Calcium ဘယ်ကရမလဲ” ဆိုတဲ့ မေးခွန်းမျိုး မဟုတ်ပါဘူး.. “Vit B12 ချို့တဲ့ရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ မေးခွန်းပါ။ အဲ့ဒီ မေးခွန်းအတွက် ကန်ဒီ ဒီပိုစ့်ကို ရေးရခြင်းပါ။
Vit B12 ဟာ ကန်ဒီတို့ ခန္ဓာကိုယ်အတွက် အရမ်းအရေးပါတဲ့ Vitamin ပါ။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ အလုပ်လုပ်ဖို့ သွေးအားကောင်းဖို့ အာရုံကြောကျန်းမာရေး အားလုံးနဲ့သက်ဆိုင်ပါတယ်။ Vit B12 ချို့တဲ့ရင် ပထမဆုံးတွေ့ရှိရမယ့် လက္ခဏာက သွေးအားနည်းတာပါ (Megaloblastic anemia လို့ခေါ်ပါတယ်)။ သွေးစစ်ကြည့်ရင် ချက်ချင်းသိနိုင်ပါတယ်။ အဲ့ဒီကနေ ပိုဆိုးလာမှ အာရုံကြောအားနည်းတဲ့ လက်တွေထုံကျင်တဲ့ လက္ခဏာတွေ စတင်လာပါတယ်။ ဒီအခြေအနေတွေကို စောစောသတိထားမိတာနဲ့ Vit B12 သောက်ပြီး ပြန်ပြင်နိုင်ပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားလို့ Vit B12 ချို့တဲ့တယ်ဆိုတဲ့ဖြစ်စဉ်ဟာ အရမ်းရှားပါတယ်.. Less than one chance in million လို့ Dr. McDougall က ပြောထားပါတယ်။
ဘာလို့ Vit B12 ချို့တဲ့တယ်ဆိုတဲ့ဖြစ်စဉ်က ရှားပါးရလဲဆိုတာ ဆက်ပြီး ရှင်းပြချင်ပါတယ်။ ပထမအကြောင်းရင်းက ကန်ဒီတို့ အူလမ်းကြောင်းမှာကို Vit B12 ကိုပြုလုပ်ပေးနိုင်တဲ့ Bacteria လေးတွေ ရှိနေပါတယ်။ Vit B12 ကို အဓိကစုပ်ယူတဲ့နေရာက အူမကြီးအထက်ပိုင်းမှာပါ။ ကန်ဒီတို့ ခန္ဓာကိုယ်ဟာ Vit B12 ကို နည်းနှစ်မျိုးနဲ့ စုပ်ယူပါတယ်။ အဓိကစုပ်ယူတဲ့နည်းကတော့ အစားအစာကရတဲ့ Vit B12 ဟာ အစာအိမ်မှာရှိတဲ့ Intrinsic Factor ဆိုတာလေးနဲ့တွဲပြီး အူမကြီးအထက်ပိုင်းကနေ ခန္ဓာကိုယ်ထဲကို စုပ်ယူခြင်းပါ။ နောက်တစ်နည်းကတော့ Passive Absorption ဆိုတဲ့နည်းပါ။ ဒီနည်းကတော့ ခုနက Intrinsic Factor ဆိုတာလေး မလိုဘဲ သူ့ဟာသူစုပ်ယူတဲ့နည်းပါ။ ပထမနည်းလောက် အများကြီးမထိရောက်ဘဲ 1% လောက်ပဲ စုပ်ယူနိုင်ပါတယ်။


အဲ့လိုအူလမ်းကြောင်းကနေ စုပ်ယူထားတဲ့ Vit B12 တွေကို ကန်ဒီတို့ အသည်းကနေ သိမ်းထားပါတယ်။ အသားစားပြီး ကြီးပြင်းလာတဲ့သူတွေဆို အသည်းထဲမှာ 2mg to 5mg B12 က သိမ်းထားပြီးသားပါ။ ကန်ဒီတို့ တနေ့တာအတွက် လိုအပ်တဲ့ Vit B12 က 3 mcg (0.003mg) ထဲရယ်ပါ။ အသည်းထဲမှာ သိုလှောင်ထားတဲ့ Vit B12 နဲ့တင် သုံးနှစ်လောက်သုံးမကုန်တဲ့ Vit B12 တွေ ကန်ဒီတို့ခန္ဓာကိုယ်ထဲမှာ ရှိနေပါတယ်။ အသည်းထဲက ထုတ်လိုက်တဲ့ Vit B12 တွေကိုတောင် ခန္ဓာကိုယ် အူလမ်းကြောင်းက တဖန်ပြန်စုပ်ယူတတ်ပါသေးတယ်။ အဲ့ဒါကြောင့် Vit B12 ချို့တဲ့ဖို့ဆိုတာ အလွန်ရှားပါတယ်တဲ့။
Vit B12 ချို့တဲ့တယ်ဆိုတဲ့ဖြစ်စဉ်တွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါရှိတဲ့လူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အဓိကအကြောင်းရင်းက ခုနက ကန်ဒီပြောပြတဲ့ Intrinsic Factor ဆိုတာလေး မထုတ်နိုင်လို့ပါ။



Dr. McDougall က သက်သတ်လွတ်စားတာ (၃)နှစ်လောက်ရှိပြီဖြစ်တဲ့ သူတွေကို Vit B12 စသောက်ဖို့ အကြံပြုထားပါတယ်။ Market ထဲမှာ Cyanocobalamin, Methylcobalamin, Hydroxycobalamin စသဖြင့် Vit B12 အမျိုးအစား အမျိုးမျိုးရှိပါတယ်။ Methylcobalamin နဲ့ Hydroxycobalamin က Cyanocobalamin နဲ့ယှဉ်ရင် စုပ်ယူနိုင်မှုအား ပိုကောင်းပါတယ်။ ဈေးကွက်ထဲမှာ 500mcg, 1000mcg စသဖြင့် အမျိုးမျိုးတွေ့ရမှာပါ။ ခုနကပြောပြသလို ကန်ဒီတို့ခန္ဓာကိုယ်က တနေ့ကို Vit B12 3mcg ပဲလိုအပ်တာဆို ဘာလို့ဈေးကွက်ထဲက အားဆေးတွေက 500mcg, 1000mcg တွေဖြစ်နေတာလဲ မေးစရာရှိပါတယ်။ ဒီဈေးကွက်ထဲက Vit B12 အားဆေးတွေဟာ Intrinsic Factor မထုတ်နိုင်တဲ့သူတွေအတွက် ရည်ရွယ်ထုတ်ထားတာပါ။ သူတို့ခန္ဓာကိုယ်ဟာ ပထမနည်းနဲ့ Vit B12 ကို မစုပ်ယူနိုင်ဘဲ အူလမ်းကြောင်းကနေသာ အဲ့ဒီ 500mcg, 1000mcg ရဲ့ 1% ကိုပဲ Passive Absorption နဲ့ စုပ်ယူနိုင်လို့ပါ။ အဲ့ဒါကြောင့် ကန်ဒီတို့လို ပုံမှန်လူတွေအတွက်ဆို Vit B12 ကို နေ့တိုင်းသောက်စရာ မလိုပါဘူး။ တစ်ပတ်တစ်ခါလောက် သောက်ရင်ကို လုံလောက်နေပါပြီ။
နောက်ဆုံးအနေနဲ့ ဒီပိုစ့်လေးကို နိဂုံးချုပ်ရရင် ဒီ Vit B12 ဆိုတဲ့ ပြစ်ချက်လေးတစ်ခုအတွက်နဲ့ သက်သတ်လွတ်စားဖို့ကို မကြောက်ပါနဲ့။ Supplement လေး တစ်ပတ်တစ်ကြိမ်သောက်ရုံနဲ့တင် ဖြေရှင်းနိုင်တဲ့အရာလေးပါ။ ဒီပြစ်ချက်လေးတစ်ခုကြောင့် အသားစားမယ်ဆို အသားငါးစားလို့ရမယ့် သွေးတိုး၊ ဆီးချို ၊ ကိုလက်စရောဆိုတဲ့ အဖြစ်များတဲ့ရောဂါတွေက ပိုပြီးတောင် ကြောက်ဖို့ကောင်းတယ်လို့ ပြောချင်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေရှင်..
Reference: Vitamin B12 Deficiency - the Meat-eaters’ Last Stand by Dr. McDougall.