Sunday, September 30, 2018

အမေ

ဒေါက် ဒေါက် ဒေါက်.. နေကောင်းကြပါသလားရှင်.. ဒီနှစ်အတွက် နောက်ဆုံးစာမေးပွဲပြီးသွားပါပြီ။ တစ်မှတ်လျော့သွားတယ်လေ။ ကြိတ်မနိုင်ခဲမရပဲ.. ကိုယ်မသိလို့ စာမလုပ်လို့ မှားတာမျိုးဆို ဘာမှမဖြစ်ဘူး။ သိရက်နဲ့ မေးခွန်းက မဟုတ်တာမျိုးဆို စိတ်က ကသိကအောက်ရယ်..

စာမရေးတာ ကြာပြန်ပြီလေ.. အဲ့ဒါနဲ့ ဖုန်တက်နေတဲ့ ကွန်ပျူတာလေး ပြန်ထုတ်လာတာ။ တီတင့်က Blogger တွေ စုပေါင်းပြီး စာအုပ်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာမူတွေလိုက်တောင်းနေတယ်။ ကန်ဒီကတော့ သိတဲ့အတိုင်း ဟိုရောက်ဒီရောက် ကိုယ့်အကြောင်းပဲ ကိုယ်ရေးတတ်တာဆိုတော့ မရေးတော့ပါဘူး။ ရှက်စရာ.. ဟဟဟ။ တီတင့်ကိုလည်း ကန်ဒီ့ကိုအထင်ကြီးပြီး စာမူလာတောင်းလို့ ကျေးဇူးအများကြီးတင်ပါတယ်။




Teachers' Day တုန်းက ကျောင်းက ကလေးတွေပေးတဲ့ လက်ဆောင်လေးတွေ.. ဆရာမဆိုတော့ ပီတိတွေစား အားရှိနေတာလေ။ နောက်နှစ်ပတ်ဆို ဆရာကန်တော့ပွဲလုပ်ပြီး ကျောင်းပိတ်ပြီ။ အဲ့ဒါပြီးရင်တော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းအတွက် ဘုန်းဘုန်းကို ကူပေးရမယ်။ ဘုန်းဘုန်းက ဟိုတလော တွေ့တုန်းက ကူဖို့ကြိုစာရင်းပေးထားတယ်။ မပြန်နဲ့တဲ့ လာကူဦးတဲ့ ဟဟ။ နှစ်တိုင်း ကန်ဒီက နိုဝင်ဘာဆို ခွင့်ရက်ရှည်ယူပြီး ရန်ကုန်ပြန်တတ်တယ်လေ။ မင်္ဂလာဆောင်အတွက် ဇွန်လက ပြန်ထားတော့ ဒီနှစ်နိုဝင်ဘာ မပြန်ဖြစ်တော့ဘူး။ နောက်နှစ်မှ ပြန်ဖြစ်တော့မယ်။ 


အမေ့အကြောင်း ပြောဦးမယ်။ အမေ အဲ့ပိုစ့်လေး သူ့ Facebook မှာ ရှယ်ထားတာ စိတ်ထဲမကောင်းဘူး။ ကန်ဒီပြန်မယ် ပြန်မယ် ပြောနေတာ အဲ့ဒါတွေကြောင့်လည်း ပါတယ်။ အခု ရန်ကုန်မှာဆို အမေတို့နဲ့နီးနီးနားနား ကန်ဒီ့အငယ်ဆုံးညီမလေးတစ်ယောက်ပဲ ရှိတယ်။ သူကလည်း မကြာခင် တစ်နှစ် နှစ်နှစ်လောက်နေရင် သူတို့တစ်မိသားစုလုံး US သွားဖို့ ပြင်ဆင်နေကြတယ်။ အခု အဖေနဲ့အမေက ကန်ဒီတို့ခြံမှာ အိမ်အသစ်ပြန်ဆောက်နေတယ်လေ။ သူတို့သမီး(၃)ယောက်အတွက် အလယ်ထပ်မှာ တစ်ယောက်တစ်ခန်းစီ ပြင်ဆင်ပေးထားတယ်။ အပေါ်ဆုံးထပ်က တ၀က်အမိုးပွင့်.. Barbecue တွေဘာတွေလုပ်လို့ရအောင်တဲ့။ ဆောက်နေဆဲ မပြီးသေးပါဘူး... ဟိုနေ့က အမေနဲ့ဖုန်းပြောဖြစ်တော့မှ ညီမလေးအငယ်ဆုံး US သွားဖို့ ပြင်ဆင်နေတာ သိတယ်။ ကန်ဒီ့ စင်္ကာပူက ညီမအလတ်က Canada သွားဖို့ ပြင်ဆင်နေတယ်။ အမေက အိမ်ကြီးလည်း ဆောက်ပြီးရော နေမယ့်သူလည်း ဘယ်သူမှ မရှိတော့ပါဘူးတဲ့။ ကန်ဒီက သမီးပြန်လာမှာပေါ့လို့ ပြောဖြစ်တယ်။ အမေ့မျက်နှာကတော့ သိပ်မကောင်းဘူး။ ကန်ဒီ့ကို ဒီရောက်အောင် သူပဲ အမျိုးမျိုးဖျောင်းဖျပြီး ပို့ခဲ့တာလေ။ ကန်ဒီကအစက ဒီလာချင်တာ မဟုတ်ဘူး။ အမေစိတ်ချမ်းသာအောင်ဆိုပြီး စကားနားထောင်ပြီး စင်္ကာပူရောက်လာတာ။ အခု သမီးပြန်လာမှာပေါ့လို့ ပြောတော့ မြန်မာပြည်ပြန်လာရင် သူ့သမီး အခုလောက်အဆင်ပြေမှာ မဟုတ်တာ သူသိတဲ့အခါကြတော့ မျက်နှာတစ်ချက်ပျက်သွားတယ်... တစ်ဖက်ကလည်း သားသမီးတွေနဲ့ နေချင်တဲ့ဆန္ဒ..  မိဘမေတ္တာတွေ :(



နောက် ကန်ဒီအမှားကြီးမှားခဲ့တဲ့ အတွေးတွေ ရှိတယ်။ လခရတိုင်း အမေတို့ဆီ ကန်ဒီအမြဲမပို့ဖြစ်ဘူး။ Bonus ရတဲ့ အချိန်မျိုးတွေဆိုရင်တော့ အမေတို့အပါအ၀င် ဦးလေးတွေ အဒေါ်တွေ အားလုံးကို ကန်တော့ဖြစ်တယ်။ ကန်ဒီတွေးခဲ့တာက အမေတို့က ပိုက်ဆံရှာတတ်တဲ့သူတွေ.. ကန်ဒီ လခရလို့ ကန်တော့တဲ့ပိုက်ဆံဆိုတာ သူတို့ရှာနိုင်တဲ့ ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံရယ်ပါ ဆိုပြီး လစဉ်မပို့ဖြစ်ခဲ့တာ။ အဲ့ဒါ အမှားကြီးမှားခဲ့တဲ့အတွေး။ မိဘဆိုတာမျိုးက ပိုက်ဆံနည်းတာများတာဆိုတာထက် ကိုယ့်သားသမီးက ကန်တော့တယ်ဆိုတဲ့ ပီတိနဲ့တင် အားဖြစ်နေတာ။ ခုနောက်ပိုင်း လစဉ်အမေတို့ကို ကန်တော့တော့မယ်လို့ ရည်ရွယ်ထားတယ်။ နောက် ကိုယ်မြန်မာပြည်ပြန်တဲ့အချိန် ကန်တော့ချင်လို့ဆိုရင်တောင် ၀င်ငွေက ရှိချင်မှ ရှိတော့မှာလေ။ ဆိုတော့ ခုရှိနေတဲ့အချိန်လေးမှာ လုပ်နိုင်တာတွေ လုပ်ထားမှ.. 

ဒီနေ့တော့ ဒီလောက်ပဲနော်..
အိပ်တော့မယ်..

8 comments:

AungWana said...

Add ပေးပါဦး

ခာ said...

https://www.facebook.com/Aungwana1995

Candy said...

Added ☺️

coralnyo@gmail.com said...

သမီးမလိမ္မာလေးပါကွယ်....း)
အစ်မတောင်မှ တီတင့်ကိုပို့ဖို့ စာမူမရှိတာ ကဲ...:P

မိုးငွေ့

ငြိမ်းမိန်းကလေး said...


မိဘတွေအကြောင်း အချိန်နဲနဲပေးတွေးမိတိုင်း တစ်ကိုယ်လုံး အပြစ်တွေချည်းပဲလို့ ခံစားရတယ်။
မိဘကို စလုံးရောက်ကတည်းက လတိုင်း ပိုက်ဆံပို့ပေမယ့် သူတို့အတွက် ပိုလိုအပ်တာ ကိုယ်ကိုယ်တိုင်ကိုလို့ စိတ်က အလိုလို သိနေတယ်။
ညီမအငယ်ဆုံးလေး အနားမှာ ရှိနေတာပဲ လို့ စိတ်တင်းတွေးပေမယ့် ကိုယ့်တာဝန်တွေ အများကြီးလစ်နေတာ ၀န်ခံမိတယ်။

Candy said...

ဟုတ်တယ် မရေ :(

Anonymous said...

ကန်ဒီလေးရေ
မိဘကိုစောင့်ရှောက်တဲ့သူဟာဘယ်တော့မှဒုက္ခမရောက်ဘူး။
မိဘကိုစိတ်မချမ်းသာအောင်လည်းမလုပ်ခဲ့ဘူးတော့ ကန်ဒီလေးကသမီးလိမ္မာလေးပါ။
မမအိုင်အိုရာ

Candy said...

ဟုတ်.. ကျေးဇူးပါ မမအိုင်အိုရာ
ကြိုးစားနေတုန်းပါ